အာဏာရှင်တွေ အောင်ပွဲခံဖို့ ဖြစ်လာတဲ့ RFA နဲ့ VOA ပိတ်သိမ်းမှု

ထရမ့်အစိုးရအဖွဲ့အနေနဲ့ ရှေ့မှာ ဘိုင်ဒန်အစိုးရက လုပ်ခဲ့သလိုမျိုး တရုတ်ကို ဖိအားပေးပြီး ထိန်းညှိထားတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ RFA နဲ့ VOA ကို ပိတ်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ ခုတ်ရာတလွဲ ရှရာတခြား ဖြစ်မယ့်ပုံရှိပါတယ်။ 
 

By Admin 18 Mar 2025

ဓာတ်ပုံ - The Diplomat
ဓာတ်ပုံ - The Diplomat

ရန်ထောင်တတ်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ လွတ်လပ်တဲ့အာရှအသံ (Radio Free Asia - RFA) အပါအဝင် အမေရိကန်အစိုးရ ရန်ပုံငွေနဲ့ လည်ပတ်တဲ့ အသံလွှင့်ဌာနတွေကို ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံကြောင်း မတ်လ ၁၇ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ပို့စ်တစ်ခုမှာ ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ သူနဲ့ ထရမ့်တို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး အမေရိကန်သမ္မတကို အမွှမ်းတင်ခဲ့တာပါ။ 

“သတင်းတုတွေကို တစ်ကမ္ဘာလုံးက တိုက်ဖျက်ရာမှာ အမေရိကန်အစိုးရက ဘဏ္ဍာငွေ ထောက်ပံ့ထားတဲ့ သတင်းကွန်ရက်တွေကို အစပြုတိုက်ဖျက်ပြီး ဦးဆောင်ပါဝင်တဲ့ သတ္တိအတွက်” ထရမ့်ကို သူက အမွှမ်းတင်ပါတယ်။
 “ဒါဟာ ကမ္ဘာတစ်ဝန်းက သတင်းတု၊ သတင်းမှား၊ မုသာဝါဒ၊ လုပ်ကြံဖန်တီးမှု၊ လှုံ့ဆော်အားပေးမှုနဲ့ ဝရုန်းသုန်းကား ဖြစ်ရပ်တွေကို တိုက်ဖျက်ရာမှာ အထင်ကရ လုပ်ရပ်ကြီးတစ်ခု” လို့ ဟွန်ဆန်က ရေးပါတယ်။

ထရမ့်ဟာ ၂၀၂၅ မတ်လ ၁၄ ရက်နေ့မှာ ကမ္ဘာ့သတင်းမီဒီယာ အေဂျင်စီ (USAGM) ကို “သမ္မတက မလိုအပ်ဘူးလို့ သတ်မှတ်ထားတဲ့ ဖက်ဒရယ်လုပ်ငန်းစဉ်ထဲက ဌာနတွေ” စာရင်းထဲမှာ ထည့်သွင်းသတ်မှတ်ချက် အမိန့်ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့ပါတယ်။ USAGM ဟာ RFA နဲ့ VOA (Voice of America) တိို့ကို ရန်ပုံငွေ ပံ့ပိုးထားတဲ့ မိခင်ဌာနဖြစ်ပါတယ်။ 

ဒီလို ငွေကြေးဖြတ်တောက်လိုက်တဲ့အတွက် အခွန်ထမ်းပြည်သူတွေဟာ အစွန်းရောက် ဝါဒဖြန့်ချိရေးရဲ့ လက်အောက်က လွတ်သွားပြီလို့လည်း အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ အစိုးရလုပ်ငန်းဌာနများ ထိရောက်ရေး စီမံချက်ကို ဦးဆောင်နေသူ အီလွန်မက်ကလည်း အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ သတင်းဌာနတွေဟာ အစွန်းရောက် လက်ဝဲအရူးတွေ ကိုယ့်ဟာကိုယ် လျှောက်ပြောနေကြတာသာဖြစ်ပြီး တစ်နှစ်ကို အမေရိကန် အခွန်ထမ်းပြည်သူ့ရန်ပုံငွေ တစ်ဘီလျံလောက်စီ ဖြုန်းတီးနေကြတယ်လို့ ပြောခဲ့ဖူးပါတယ်။

Radio Free Europe – RFE အပါအဝင် ဒီသတင်းဌာနတွေ ပိတ်သိမ်းမှုကို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကပါ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ ဒီအထဲမှာ ကမ္ဘောဒီးယားကလည်း ပါဝင်ပါတယ်။ RFA နဲ့ VOA တို့ဟာ ကမ္ဘောဒီးယားမှာ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု အစရှိတဲ့ သတင်းတွေကို ခမာစကားနဲ့ကော အင်္ဂလိပ်ဘာသာနဲ့ပါ နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် သတင်းတင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဟွန်ဆန်နဲ့ သူ့နေရာကို ဆက်ခံတဲ့ သူ့သားကြီး ဟွန်မာနေးတို့က နိုင်ငံတွင်းရှိ လွတ်လပ်တဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ ခြေလှမ်းတွေ လှမ်းလာချိန်မှာတော့ ဒီသတင်းဌာနတွေရဲ့ အရေးပါမှုဟာ ပိုပိုတိုးလာခဲ့ပါတယ်။ ကမ္ဘောဒီးယား အစိုးရဟာ ၂၀၁၇ စက်တင်ဘာမှာ Cambodia Daily သတင်းဌာနကို အတင်းပိတ်သိမ်းစေခဲ့ပါတယ်။ 

ဒီသတင်းဌာနဟာ ၁၉၉၂-၉၃ ခုနှစ်တွေတည်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး စီမံချက်ရဲ့ ကမကထပြု ဦးဆောင်မှုနဲ့ စတင်ထူထောင်ခဲ့တဲ့ ပြည်ပပိုင် သတင်းမီဒီယာ နှစ်ခုထဲက တစ်ခု ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ နောက်သတင်းဌာန တစ်ခုဖြစ်တဲ့ Phnom Penh Post ဟာလည်း အကျပ်ကိုင်ခံရပြီးနောက် အစိုးရနဲ့ ရင်းနှီးတဲ့ မလေးရှား ရင်းနှီးမြှုပ်နှံသူတွေကို ၂၀၁၈ ခုနှစ် မေလမှာ ရောင်းချခဲ့ရပါတယ်။

လစ်လပ်သွားတဲ့ ဒီသတင်းဌာနတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ VOD English မီဒီယာဟာလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်သိမ်းသွားပါတယ်။
RFA ရဲ့ ဖနွမ်ပင်ကရုံးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာမှာ ဖိအားပေး ပိတ်သိမ်းခံခဲ့ရပါတယ်။ ကမ္ဘောဒီးယားမှာ သတင်းယူခွင့်ကိုလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး တားမြစ်ခံရပါတယ်။ ဒါပေမဲ့ RFA နဲ့ VOA တို့ဟာ ဒီနိုင်ငံရဲ့ သတင်းတွေကို ဝါရှင်တန်ဒီစီကနေ ဆက်လက်တင်ဆက်နေခဲ့ကြပါတယ်။

ဟွန်ဆန်ရဲ့ တုံ့ပြန်မှုဟာ အမေရိကန်ရဲ့ ဒီမိုကရေစီအရေး အရှိန်မြှင့် ဆောင်ရွက်ချက်တွေကို ကာလရှည်ကြာ ဆန့်ကျင်လာကြတဲ့ တခြားအာရှအစိုးရတွေရဲ့ စိတ်ဓာတ်ကိုပါ ထင်ဟပ်နေတာ ဖြစ်ပါတယ်။ 
မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး အကောင့်ကြီးတစ်ခုကဆိုရင် VOA နဲ့ RFA ပိတ်သိမ်းမှုတွေကြောင့် “အမျိုးသား စည်းလုံးညီညွတ်ရေးကို မငြိမ်မသက်ဖြစ်အောင် အားနည်းအောင် နှစ်ပေါင်းများစွာ သွေးထိုးလှုံ့ဆော်လာမှုတွေ” ရပ်တန့်သွားတော့မယ်လို့ X လူမှုကွန်ရက်ပေါ်မှာ မတ်လ ၁၇ ရက်နေ့က ရေးထားပါတယ်။

“သူတို့ရဲ့ သြဇာလွှမ်းမိုးမှုတွေ ရပ်တန့်သွားတဲ့အတွက် မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေး လမ်းပွင့်သွားပြီဖြစ်သလို ပြည်တွင်းမီဒီယာတွေလည်း ပိုမိုအားကောင်းလာမယ်” လို့ ဒီအကောင့်က ရေးပါတယ်။
USAID ကို ထရမ့်က ပိတ်ချလိုက်တဲ့အပေါ်မှာလည်း ဒီအကောင့်က ဝမ်းသာအားရ ဖြစ်နေတာဟာ အံ့သြစရာ မဟုတ်ပါဘူး။ ပြည်ပမီဒီယာ အဖွဲ့အစည်းတွေကို လုပ်ငန်းဖြတ်တောက်တော့မှာ ဖြစ်တဲ့အတွက် ဒုက္ခသည်အမည်ခံ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီတော်လှန်ရေး အမည်ခံ အကြမ်းဖက်သမားတွေဟာ ရပ်တည်ဖို့ အခက်ကြုံရတော့မယ်လို့ ဒီအကောင့်က ရေးထားပါတယ်။

ဒီလိုမျိုး သဲသဲလှုပ် တုံ့ပြန်မှုကို တရုတ်အထိ မြင်ရပါတယ်။ တရုတ်အစိုးရ ထောက်ပံ့ထားတဲ့ Global Times သတင်းဌာနဆိုရင် သူ့ရဲ့ အယ်ဒီတာ့အာဘော်မှာ VOA ကို ‘မုသာဝါဒစက်ရုံ’ ဆိုပြီး မှိုချိုးမျှစ်ချိုး ရေးသားဖော်ပြပါတယ်။
 “လွတ်လပ်ရေးမီးရှူးတန်ဆောင် အမည်ခံ VOA ဟာ အခုတော့ သူ့အစိုးရကိုယ်တိုင်ဆီမှာ အဝတ်စုတ်လို ဘေးထိုးခံလိုက်ရပြီ” လို့ Global Times က ရေးပါတယ်။

ဒီလိုမျိုး တုံ့ပြန်မှုတွေ အားလုံးဟာ ထရမ့်အစိုးရက လက်ဝဲ အစွန်းရောက်တွေရဲ့ ခံတပ်တွေလို့ ရှုမြင်တဲ့ အင်စတီကျူးရှင်းတွေကို ဖြိုချဖို့ ကြိုးပမ်းနေတဲ့ လုပ်ရပ်ကို ထင်ဟပ်နေပါတယ်။ ဒီလုပ်ရပ်တွေဟာ ကမ္ဘာတစ်ဝန်းက အမေရိကန်ရဲ့ ပါဝါနဲ့ သြဇာလွှမ်းမိုးမှုကို ပံ့ပိုးပေးထားတဲ့ ဒေါက်တိုင်တွေအကြားမှာ အမေရိကရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။ (တကယ်တမ်း နိုင်ငံရေး လက်ဝဲတွေဟာ USAID နဲ့ VOA လို မီဒီယာမျိုးအပြင် National Democratic Institute လို ဒီမိုကရေစီ မြှင့်တင်ရေး အဖွဲ့အစည်းတွေကို အမေရိက အင်ပါယာကြီးရဲ့ ပါဝါအခက်အလက်တွေအဖြစ် ရှုမြင်ကြတဲ့သဘော ရှိပါတယ်။)

လက်ရှိအဆင့်မှာတော့ ဒီအင်စတီကျူးရှင်းတွေဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဖက်ဒရယ်ဗျူရိုကရေစီ စစ်ပွဲ၊ ဖက်ဒရယ် ရန်ပုံငွေနဲ့ လည်ပတ်တဲ့ လစ်ဘရယ် NGO ကွန်ရက်တွေကို ဖြိုခွင်းတဲ့ပွဲမှာ ဒီအတိုင်း ပြိုလဲသွားမလားဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရသေးပါဘူး။ 

အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ရဲ့ သြဇာစက်ဝန်းတွေအပေါ်မှာ အခြေတည်ထားတဲ့ နိုင်ငံတကာ အခင်းအကျင်း ပုံစံသစ်တစ်ရပ်ကို ပုံဖော်ရာမှာ ထင်သာမြင်သာ ကြိုးပမ်းမှုတစ်ရပ်ရဲ့ အစိတ်အပိုင်း ဖြစ်သွားတာလားဆိုတာလည်း မရှင်းပါဘူး။ 

ထရမ့်အစိုးရအဖွဲ့အနေနဲ့ ရှေ့မှာ ဘိုင်ဒန်အစိုးရက လုပ်ခဲ့သလိုမျိုး တရုတ်ကို ဖိအားပေးပြီး ထိန်းညှိထားတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ RFA နဲ့ VOA ကို ပိတ်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ ခုတ်ရာတလွဲ ရှရာတခြား ဖြစ်မယ့်ပုံရှိပါတယ်။ 
ဒီသတင်းဌာနတွေဟာ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ရှင်ကျန်းဒေသက ဝီဂါမူဆလင်တွေ အပေါ် ကျူးလွန်မှုသတင်းတွေကို အမြောက်အများ တင်ဆက်ခဲ့ကြတာ ဖြစ်လို့ပါပဲ။ 

ဘယ်လိုပဲဆိုဆို အခုလိုမျိုး အမေရိကရဲ့ သြဇာပါဝါလွှမ်းမိုးတဲ့ အင်စတီကျူးရှင်းတွေကို တိုက်ခိုက်မှု တာရှည်လာလေလေ၊ အစိုးရအဖွဲ့ဟာ ဒီထက်ပိုဆိုးတဲ့ နောက်ထပ် လုပ်ရပ်တစ်ခုခုအတွက် ဆန္ဒရှိနိုင်ခြေ ပိုများလေလေပဲ ဖြစ်ပါတယ်။

ရာဗီချန်ဒရာကူးမား

Cambodia’s Hun Sen, Myanmar Junta Celebrate Closure of US-Funded Media Outlets စာစုကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ မူလဆောင်းပါးရှင် Sebastian Strangio ဟာ The Diplomat သတင်းဌာနရဲ့ အရှေ့တောင်အာရှရေးရာ အယ်ဒီတာဖြစ်ပါတယ်။